အာအက်အေ | အင်းစိန်ထောင်မှာ ထောင်ဒဏ် အနှစ် ၂ဝ ချမှတ် ခံထားရတဲ့ အလုံမြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌ ဦးဘမြင့်ဟာ ဝမ်းလျှောပြီး ကျန်းမာရေး မကောင်း ဖြစ်နေတယ်လို့ ပြီးခဲ့တဲ့အပတ်က ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ မိသားစုဝင်တဦးကပြောပါတယ်။ ပူပြင်းလွန်းတဲ့ ရာသီကြောင့် အခုလို ဝမ်းလျှော ရောဂါဖြစ်တာ ဖြစ်နိုင်ကြောင်း နဲ့ ထောင်တွင်း အခြား အကျဉ်းသား တွေလည်း ဝမ်းလျှောတာမျိုး ဖြစ်ကြတယ်လို့ ဆိုပါတယ်။


မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမႝာကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။ (Photo:RFA/Tyler Chapman)
ထောင်ဝင်စာတွေ့ခဲ့တဲ့ ဦးဘမြင့်ရဲ့သား ကိုလူမော်က အခုလို ပြောပါတယ်။

ကိုလူမော်။ ။“သင်္ကြန်မတိုင်ခင်ကတည်းက ဝမ်းသွားနေတာလို့ ပြောတယ်။ အဖေက တခါတလေကျရင် ရာသီဥတု အရမ်းပြင်းလာရင် အခန့်မသင့်ရင် အထက်လှန်အောက်လျှော ဖြစ်တတ်တယ်။ ကျန်တဲ့ ရောဂါတော့ မရှိဘူး”

ဦးဘမြင့်ဟာ အရင်ကလည်း ထောင်ဒဏ်လေးနှစ် ကျခံခဲ့ရဖူးပြီး ပြီးခဲ့တဲ့ ၂ဝဝ၅ ခုနှစ်မှာ ပုဒ်မ ၅ (ည) နဲ့ ထောင်ဒဏ်အနှစ် ၂ဝ ထပ်မံ ချခံထားရသူ ဖြစ်ပါတယ်။ ဦးဘမြင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တဦးဖြစ်တဲ့ အလုံ အန်အယ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ကြည်ဟာလည်း နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ် ၉ နှစ် ချခံထားရပါတယ်။

လုပ်ဖော်ကိုင်ဖက် နောက်တဦးဖြစ်တဲ့ ဒု-ဥက္ကဋ္ဌ ဦးထင်ကျော်ဟာလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က တီဘီ အဆုတ်နာရောဂါ၊ အသည်းရောဂါတွေနဲ့ ကွယ်လွန်သွားခဲ့တဲ့အတွက် ဦးဘမြင့်ရဲ့သားဖြစ်သူ အန်အယ်ဒီ လူငယ် အဖွဲ့ဝင် ကိုလူမော်က ဦးဆောင်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။ ဦးထင်ကျော် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ကိုလူမော်က အခုလို ပြောပါတယ်။

ကိုလူမော်။ ။“မိသားစု ငွေရေးကြေးရေးအခက်အခဲလည်းရှိတော့ ဆေးဖိုးဝါးခ တော်တော်လေး အခက်အခဲ ဖြစ်သွားတယ်။ နောက်ပြီး တီဘီလည်းဖြစ်သွားတယ်။ နောက် အသည်းလည်းရောင်တယ်ဆိုတော့ ဖိကုရတာမျိုး ကျတော့ အသက်အရွယ်ကကြီးတော့ ကိုယ်ခံအား က နည်းတယ်။ ပထမ အပြင် သမားတော်ကြီးနဲ့ပြတဲ့အချိန်မှာ နောက်ကျနေတယ်။ နောက်ဆုံး ရန်ကုန် ဆေးရုံကြီး တင်လိုက်ပြီးတော့ ကြာသပတေးနေ့ မနက် ၈ နာရီမှာ ဆုံးသွားတယ်။ မြို့နယ်မှာ လူနည်းနေတဲ့အချိန်မှာ အခုဆုံးသွားတဲ့ ဒု-ဥက္ကဋ္ဌ ဦးထင်ကျော်က ကြံ့ကြံ့ခံပြီးတော့ ရပ်တည်ပေးခဲ့ပါတယ်”

ဒု-ဥက္ကဋ္ဌ ဦးထင်ကျော် ကွယ်လွန်တဲ့သတင်းကို ရုံးဖွင့်ရက်မှာ အန်အယ်ဒီဌာနချုပ်ကို အကြောင်းကြားမှာဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ ရက်လည်ဆွမ်းသွတ်မယ်လို့ သိရပါတယ်။

အလုံမြို့နယ်မှာ အရင်က မြို့နယ်စည်းရုံးရေးကော်မတီဝင် ၂၁ ဦးရှိခဲ့ပြီး အခုအခါ ၇ ဦး ၈ ဦးလောက် ကျန်ရှိ နေပါတယ်။ ဒီ စည်းရုံးရေး ကော်မတီတွေနဲ့အတူ ကိုလူမော်တို့ အန်အယ်ဒီလူငယ်အဖွဲ့တွေ လက်တွဲပြီး ပါတီကို ဆက်လက်ဦးဆောင်လှုပ်ရှား နေကြောင်း သိရပါတယ်။ အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းဝင်း ကတော့ ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ် လောက်ကတည်းက ကွယ်လွန် အနိစ္စ ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

source by : အာအက်အေ

0 comments